Unordered List

Tuesday, May 21, 2013

အမှောင်မြစ်ရဲ့ဝဲဂယက်


 (၁)

“ အမယ်လေးဟယ် .. မြို့ကြီးပြကြီးဆိုတာများ တကယ်ကိုအံ့သြစရာကောင်းတာဟဲ့၊ မြင်သမျှတွေ့သမျှ အားလုံး
သဘောကျပဲ ”  


မိချောက သူ့ရှေ့မှာရှိနေတဲ့ ရွာသူ ရွာသားတွေကို မမောနိုင်မပန်းနိုင်အောင် ပြောပြလို့နေတယ်။ မိချောက မနေ့ကမှ မြို့က
ပြန်ရောက်လာတာ။ ဒီတော့ ရွာမှာရှိနေတဲ့ ပျိုပျို အိုအိုလူပေါင်းစုံ မိချောတို့အိမ်ကိုစုပြုံပြီးရောက်လာကြတယ်။ မိချောရဲ့
အမေဒေါ်တင့်ကလည်း ထန်းလျက်ခဲနဲ့ ရေနွေးကြမ်းတွေ ချပေးထားတယ်။ ရွာကလူတွေလည်း ထန်းလျက်ခဲကိုစားရင်း
 မြို့ သူတစ်ယောက်လို လှလှပပဖြစ်လာတဲ့ မိချောကို အားကျသလိုကြည့်နေကြတယ်။ မိချော ပြောပြတဲ့ မြို့ကအတွေ့အကြုံ
 တွေကိုလည်း စိတ်ဝင်တစားနားထောင်နေကြတယ်။ မိချော မြို့ကိုသွားလိုက်တာ ငါးနှစ်တောင်ရှိပြီပဲ။ ငါးနှစ်အတွင်းမှာ
မိချော တစ်ခါမှ ရွာကိုပြန်မလာခဲ့ဘူး။ တစ်လတစ်ခါ အမေ့အတွက် အသုံးစရိတ်တွေပို့ပေးလိုက်တာပဲ။ ငါးနှစ်ပြည့်မှပဲ
ရွာကို ပြန်လာခဲ့တယ်။


“ မြို့က တိုက်ကြီးတွေဆိုရင် အရမ်းလှတာဟဲ့၊ ရေချိုးခန်းဆိုရင်လည်း ဒီအခန်းကြီးလောက်ရှိတာ ”  


“ ဟယ် အကြီးကြီးပဲနော် ”  


“ ဒါတင်ဘယ်ကမလဲဟဲ့ ဧည့်ခန်းထဲက ပရိဘောဂတွေဆိုရင် တဖိတ်ဖိတ်တောက်နေတာပဲ၊ နိုင်ငံခြားကလာတာလေ၊
သိန်းနဲ့ချီပြီးပေးရတာ ”  


“ ဒီခုံထက်လှလား မမချော ”  


ငတူးက သူထိုင်နေတဲ့ ခွေးခြေပုထိုင်ခုံလေးကိုလှမ်းပြတယ်။ မိချော ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ မြို့ကြီး
ပြကြီးနဲ့ဝေးတဲ့ တောရွာဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လေ။


“ ဒီလို ခုံမျိုးတွေဆို မြို့ကအမှိုက်ပုံမှာတောင်မရှိဘူး ငတူးရဲ့၊ ပြီးတော့ ခွေးတစ်ကောင်ကောင်ကို သိန်းချီပေးပြီးဝယ်မွေး
ကြတာ ”  


“ ဟင် ဟုတ်လား၊ ဒါဆို ငတူး မွေးထားတဲ့ခွေးလေးမဲဒုံးကို သွားရောင်းရမယ်၊ ဒါဆိုပိုက်ဆံအများကြီးရမှာပေါ့နော် ”  


ငတူး စကားကိုကြားပြီး မိချော ရယ်လိုက်မိတယ်။ မြို့ကလူတွေသာ ငတူးရဲ့ခွေးကိုမြင်ရင် ခြံထဲကိုတောင် အဝင် ခံမှာ
မဟုတ်ဘူး။ ဒါကို ငတူးက မသိ။


“ ဒီလို ခွေးတွေဆို အလကားပေးတာတောင်မယူဘူး ငတူးရဲ့၊ ဟိုခွေးတွေက နိုင်ငံခြားမျိုး သန့်သန့်လေးတွေ ၊ အစာစား
တာတောင် လူတွေထက်ပိုဂရုစိုက်ရသေးတယ်၊ ရေလည်းချိုးပေးရသေးတယ်၊ အိပ်ယာပေါ်မှာလည်း နွေးနွေး ထွေးထွေး
သိပ်ရတယ်၊ နေမကောင်းဖြစ်ရင် ဆေးခန်းလည်းပြရသေးတယ် ”  


“ အားကျလိုက်တာဟယ် ”  


မိချောနဲ့ အနီးဆုံးမှာထိုင်နေတဲ့ တင်တင်က လှမ်းပြောတယ်။ အားကျမယ်ဆိုလည်း အားကျစရာပါပဲ။ ရွာမှာဆို တစ်နေ့
လုံးအလုပ်လုပ်ပြီး ညနေကျမှနားရတာ။ စားရတာကလည်း ငပိရည်နဲ့ တို့စရာ။ ဒီထက်မပို။ ငွေရွှင်တဲ့သူတွေပဲ အသား
 ငါးစားနိုင်ကြတာ။ တစ်နေ့တစ်နေ့ အလုပ်တွေဖိလုပ်ပြီး ဖျားနာလာတော့ ဆေးမြီးတိုလေးတွေနဲ့ပဲပြီးရရှာတာ။ ဒီတော့
မြို့က ခွေးတွေရဲ့ဘဝကပဲ ကံကောင်းသလိုလို။


“ ပြီးတော့ ပြောရဦးမယ်သိလား ၊ အခုမြို့မှာ အင်တာနက်ခေတ်စားနေတယ်ဟဲ့ ”  


“ အင်တာနက်ဆိုတာ အာဒါလွတ်ဥလိုပဲစားကောင်းလားဟင်  ”  


“ ငပိရည်နဲ့ တို့စားရတာပါဟဲ့၊ ဟုတ်တယ်နော် မိချော ”  


အင်တာနက်ကိစ္စက တစ်ယောက်တစ်ပေါက်နဲ့ တော်တော်ကျယ်ပျံ့သွားတယ်။ ပြောလိုက်သမျှလည်း တလွဲတွေချည်း။
ဒီတော့ မိချော အမြန်ဆုံးနည်းနဲ့ ရှင်းပြလိုက်ရတော့တယ်။


“ အင်တာနက်ဆိုတာ စားစရာမဟုတ်ဘူးဟဲ့၊ ကြည့်စရာ၊ အင်တာနက်ထဲကနေ ကမ္ဘာမှာဖြစ်ပြက်နေတာတွေကို သိနိုင်
တယ်ဟဲ့၊ ပြီးတော့ ဖက်ရှင်ဒီဇိုင်းတွေ သတင်းအချက်အလက်တွေလည်းကြည့်လို့ရသေးတယ်၊ တစ်ယောက်နဲ့
တစ်ယောက်အပြန်အလှန် အီးမေးလ် ပို့လို့လည်းရတယ် ”  


“ အီးမေးက နံလားဟင် ”  


မိချော ခွိခနဲ ရယ်လိုက်မိတယ်။ ငတူးဟာလေ .. မန်းလေ ပြဲလေပဲ။ ကြံကြံဖန်ဖန် အီးမေးလ်က နံလားတဲ့။


“ အီးမေးလ်က မနံပါဘူးဟဲ့၊ တစ်ယောက်နဲ့တစ်ယောက် စာပို့ကြတာ  ”  


“ သိပါဘူးလေ ”  


ငတူးက မဲ့တဲ့တဲ့လေးနဲ့ ဆိုရှာတယ်။


“ ငါအလုပ်လုပ်တဲ့အိမ်က မမလေးဆိုရင် နေ့တိုင်းအင်တာနက်ကြည့်တယ်၊ ပြီးတော့ ချက်တင်ထိုင်တာလည်း
အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ သိလား  ” 


“ ဘယ်လို ချစ်တီး ဟုတ်လား၊ နင်က ချစ်တီးနဲ့ထိုင်တာကို စိတ်ဝင်စားတယ်၊ ငါတော့ ချစ်တီးတွေကိုအရမ်းရွံတာပဲ၊
အဲဒီ ချစ်တီးတွေက တို့လိုလယ်သမားတွေအပေါ်မှာ အနိုင်ကျင့်အမြတ်ထုတ်ကြတာကိုကြားဖူးတယ်သိလား၊ ဒါကို
တောင် နင်က ချစ်တီးနဲ့အတူတူထိုင်နေသေးတယ် .. အံ့ရော ”  


ရုတ်တရက် မကျင်နွဲ့ထပြောလိုက်တဲ့ စကားကြောင့် မိချော မျက်လုံးပြူးသွားရတော့တယ်။


“ မိချော ညည်းမြို့တက်ပြီး ချစ်တီးတွေနဲ့ ထိုင်နေတယ်ပေါ့ ဟုတ်လား ၊ ကဲဟယ် ..”  


အမေ့ရဲ့ လက်က မြန်မှမြန်။ မိချော ခေါင်းကို ခေါက်လိုက်တာများ အီစလံကိုဝေသွားတော့တယ်။ မြို့မှာတွင်ကျယ်နေတဲ့
ချက်တင်ဆိုတာ မိချောတို့ရွာမှာတော့ အထင်လွဲလို့ကောင်းတုန်း။ အထူးအဆန်းဖြစ်နေကြတုန်း။


“ အမေကတို့က စကားကိုမှ ဆုံးအောင်နားမထောင်ကြဘဲ၊ ချက်တင်ထိုင်တယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန်စာနဲ့ဆက်သွယ်ကြတာ ”


“ အဲဒီလိုဆက်သွယ်ရင် ဘာဖြစ်တုံးဟဲ့ ”  


“ ကံကောင်းရင် လင်တောင်ရနိုင်သေးတယ်တဲ့ .. ဟိ၊ အဲဒီလိုဆက်သွယ်ကြပြီး အပြင်မှာကွိသွားကြတာအများကြီး
ရှိတယ် ”  


“ ဟယ် .. တကယ် ”  


မိချောက စပ်ဖြဲဖြဲနဲ့ပြောတော့ တအံ့တသြဖြစ်သွားကြရော။ ရွာကအပျိုကြီးတွေဆို မိချောစကားကို ကြားပြီး စိတ်ဝင်
တစားရှေ့တိုးလာကြတယ်။ အရှေ့မှာနေရာယူထားကြတဲ့ ကလေးတွေက အလိုလိုအနောက်ကိုရောက်သွားတယ်။
အပျိုကြီး တွေက အရှေ့ကိုရောက်လာကြတယ်။ သူတို့လည်း လွတ်ချင်ကျွတ်ချင်ကြတယ်ထင်ပါရဲ့။ 


“ ဟယ် ချစ်တီးက အဲဒီလောက်တောင်စွမ်းလား ”  


“ ချစ်တီးမဟုတ်ပါဘူး မကျင်နွဲ့ရဲ့၊ ချက်တင်ပါဆို ”  


“ အေးဟယ် ထားပါတော့၊ ဆက်ပြောစမ်းပါဦး အဲဒီအကြောင်း ”  


လင်တောင်ရနိုင်တယ်ဆိုတာနဲ့ နှစ်ချို့အပျိုကြီးမကျင်နွဲ့တို့က စိတ်မဝင်စားရှာဘူးပဲ။ နှုတ်ခမ်းလေးထော်ပြီး မျက်လုံး
အပြူးသားနဲ့ကို လှမ်းမေးရှာတယ်။


“ အဲဒီ ချက်တင်ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်ပြောကြ၊ အပြင်မှာချိန်းကြနဲ့၊ ကွိသွားကြတဲ့သူတွေတောင်
အများကြီးပဲ မကျင်နွဲ့ရဲ့ ”  


“ ဟယ် အံ့သြစရာပဲ၊ ဒီလောက်စွမ်းတဲ့ ချစ်တီးကို တစ်ခါတည်းခေါ်လာခဲ့မှပေါ့ မိချောရယ်၊ ငါ့အိမ်မှာခေါ်ထားမှာ 
ပေါ့၊ နောက်တစ်ခါ နင် မြို့တက်ရင် ငါလည်းလိုက်မယ်ဟဲ့ ”  


“ အင်းပါ သွားရင်ခေါ်သွားပါ့မယ် ”  


“ ငါလည်းလိုက်မယ်နော် မိချော ”  


“ ငါလည်းစာရင်းပေးတယ်ဟဲ့ ”  


“ တို့ကိုလည်းခေါ်ပါဟယ် .. နော်.. ”  


မိချော ခေါင်းညိတ်ရင်း ကျိတ်ပြီးပြုံးလိုက်တယ်။ မိချော လိုချင်တဲ့ အကွက်ထဲကို ရောက်လာကြပြီ။ အစကတည်းက
 မိချော ထင်ပြီးသားပါ။ ရိုးသားနုံအလှတဲ့ တောသူတောင်သွားတွေကို ဘယ်လို ဆွယ်တရားဟောရမယ်ဆိုတာ။


“ ကဲ .. ကဲ ဆူညံမနေကြနဲ့ ၊ မနက်ဖြန်မှ စာရင်းကောက်မယ်၊ လိုက်ချင်တဲ့သူတွေ မနက်ဖြန်စာရင်းလာပေးကြ ..
ဟုတ်ပြီလား ”  


အဲဒီတော့မှ လူအုပ်ကြီးက တရှဲရှဲပြန်သွားလိုက်ကြတာ မိချောတို့အိမ်ကြီး ခြောက်ကပ်ကပ်နဲ့ ကျန်ရစ်ခဲ့ပါရောလား။


(၂)


နောက်တစ်နေ့မနက်ရောက်ပြီဆိုတာနဲ့ မိချောအိမ်ရှေ့ကို ရွာသူအပျိုချောလေးတွေ တဖွဲဖွဲရောက်လာတော့တယ်။
သူတို့ခမျာ မြို့ကြီးပြကြီးကိုသွားချင်ရှာလို့ အိပ်လို့တောင်ပျော်ရဲ့လားမသိဘူး။ ဖြစ်နိုင်ပါတယ်။ မိချောတုန်းကလည်း
 တစ်ည လုံးအိမ်မပျော်အောင်ဖြစ်ခဲ့ရသေးတာပဲလေ။


“ မိချော စာရင်းပေးရတော့မလားဟဲ့ ”  


ခင်ရီက မိချောကိုလှမ်းမေးတယ်။ ခင်ရီဆိုတာ ရွာမှာ မုဆိုးမအမေအိုကိုလုပ်ကျွေးနေတဲ့ သူ။ မိန်းမသားတန်မဲ့ နေပူ
 မရှောင် မိုးရွာမရှောင် အလုပ်လုပ်နေရှာပေမဲ့ သနပ်ခါးပါးကွက်ကျားအောက်က ခင်ရီရဲ့အလှက ထင်ထင်ရှားရှားရှိနေ
ဆဲပဲ။


“ နင်ကမြို့ကိုလိုက်မလို့ဆိုတော့ နင့်အမေကို ဘယ်လိုလုပ်မှာလဲ ခင်ရီရဲ့ ”  


မိချောစကားကြောင့် ခင်ရီ မျက်လုံးလေးတွေမှာ မျက်ရည်တွေစို့တက်လာတယ်။ ပြီးမှ လေသံဖျော့ဖျော့လေးနဲ့ ဆိုရှာ
 တယ်။


“ အမေ့ကို ဒေါ်တီးတီးနဲ့အပ်ခဲ့မှာ၊ ဟိုမှာအလုပ်အဆင်ပြေရင် အမေ့ဆီ ပိုက်ဆံပို့ပေးမှာပေါ့၊ ဒေါ်တီးတီးအတွက်လည်း
 ပို့ပေးမှာပါ ”  


“ ကဲ ထားလိုက်ပါတော့ ၊ နောက်တစ်ယောက်ကရော ”  


“ ငါလိုက်မယ် မိချော ”  


အသားဖြူဖြူဝင်းဝင်းနဲ့ ချစ်စရာကောင်းလှတဲ့ ပန်းနုက အားတက်သရောလှမ်းအော်တယ်။ ပန်းနုက ရွာမှာဆို
တင့်တောင့်တင့်တယ်နေနိုင်တဲ့သူတွေပါ။ အကိုဖြစ်သူရဲ့အုပ်ထိန်းမှုအောက်မှာ မကြောင့်မကျနေနိုင်တဲ့ ပန်းနုက
 မြို့ကို သွားချင်သတဲ့။


“ နင့် အစ်ကိုက ခွင့်ပြုရဲ့လား ”  


“ အစ်ကိုက မသွားရဘူးတဲ့၊ ငါက မသွားခိုင်းရင် ရွာနောက်ကရေကန်ထဲခုန်ချမှာလို့ပြောမှ ခွင့်ပြုတာဟ ”  


ဒီလိုနဲ့ မိချာကိုစာရင်းပေးလိုက်ကြတာ အယောက်သုံးဆယ်လောက်ရှိသွားတော့တယ်။ မိသားစုတွေက ခွင့်ပြုတဲ့
သူ တွေရှိသလို ခွင့်မပြုလို့ နည်းမျိုးစုံသုံးပြီးလိုက်ကြတဲ့သူတွေလည်းရှိတယ်။ မုဆိုးမအမေအိုကို ဆေးကုဖို့အတွက်၊
 ဒုက္ခိတ အဖေ ဆေးကုဖို့အတွက်၊ သားလေး ရှင်ပြုဖို့ ပိုက်ဆံရှာချင်လို့ အကြောင်းပြချက်အမျိုးမျိုးနဲ့ စာရင်းလာ
ပေးကြတယ်။


“ ကဲ ဒီမှာစာရင်းပေးထားတဲ့လူတွေအကုန်လိုက်ကြမှာလား ”  


“ လိုက်မယ် ”  


“ ကောင်းပြီလေ .. ဒါဆိုနင်တို့မြို့မှာဘာလုပ်ရမလဲဆိုတာသိလား ”  


“ ဟင့်အင်း ”  


ရိုးသားနုံအလှတဲ့ ရွာသူလေးတွေကိုကြည့်ပြီး မိချောဝမ်းနည်းသွားမိတယ်။ အလုပ်လုပ်မယ် ပိုက်ဆံရှာမယ်ဆိုတာ
ကလွဲပြီး အန္တရာယ်ဆိုတာကိုကြောက်ရမှန်းမသိကြတဲ့အတွက် ရင်လေးသွားမိတယ်။


“ ဒါဆိုရင် သိအောင်ပြောပြမယ်၊ မြို့မှာ တို့လိုပညာမတတ်တဲ့ တောသူတွေအတွက် အလုပ်ဆိုတာတစ်မျိုးပဲရှိ
တယ်၊ အဲဒီအလုပ်က အိမ်ဖော်အလုပ်ပဲ ”


မိချောရဲ့စကားကြောင့် မြိုကိုသွားချင်ကြတဲ့သူတွေ တခဏတော့ တွေဝေသွားကြတာကိုတွေ့ရတယ်။ နောက်တော့
သက်ပြင်းချသံတွေထွက်လာကြတယ်။ 


“ ဘယ်တတ်နိုင်ပါ့မလဲ မိချောရယ်၊ ရတဲ့အလုပ်ပဲလုပ်ရမှာပေါ့ ”  


ခင်ရီက လှမ်းပြောတယ်။ မုဆိုးမအမေအိုအတွက် ဆေးကုဖို့ငွေလိုနေတဲ့ ခင်ရီက ဘာပဲဖြစ်ဖြစ် အာလုံးလုပ်ဖို့
ဆုံးဖြတ်ထားတဲ့ပုံပေါ်တယ်။


“ ကောင်းပြီလေ၊ ဒါဆို နင်တို့ကို ငါမြို့ကိုသွားတုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပြောပြမယ်၊ အဲဒါကိုနားထောင်
ပြီးမှ နင်တို့ဆုံးဖြတ်ကြပေါ့ ”  


အားလုံးက မိချောရဲ့စကားကို စိတ်ဝင်တစားနားထောင်နေခဲ့ကြတယ်။


“ ငါ မြို့ကို စရောက်တဲ့အချိန်က အရမ်းချမ်းသာတဲ့တိုက်ကြီးထဲမှာ အိမ်ဖော်လုပ်ရတယ်၊ အိမ်ရှင်မိန်းမကြီးက
မောက်မာလှသလို အိမ်ရှင်လူကြီးကလည်း ငါ့ကိုအမဲချောင်းသလိုချောင်းနေခဲ့တယ်၊ ဒါကို အစက ငါမသိခဲ့ဘူး၊
 တစ်နေ့ တော့ အိမ်ရှင်လူကြီးက သူ့မိန်းမ မရှိတဲ့အချိန်မှာ ငါ့အခန်းထဲကို ဝင်လာခဲ့တယ်၊ အဆီပြန်နေတဲ့
မျက်နှာကြီးက ဘီလူး သဘက်လို ကြောက်စရာကြီး၊ ငါလည်းကြောက်ကြောက်နဲ့ အခန်းတောင့်မှာရှိနေတဲ့
သနပ်ခါးတုံးနဲ့ အိမ်ရှင်လူကြီးရဲ့ ခေါင်းကိုရိုက်ခွဲပြီး ပြေးထွက်လာခဲ့တယ်၊ ဒါကြောင့် ငါ့ဘဝရေတိမ်မနစ်ခဲ့ရတာ ” 


မိချောရဲ့စကားကြောင့် နားထောင်နေကြတဲ့သူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြတာတော့အမှန်။ သူတို့ရဲ့ ရင်ထဲမှာ
အကြောက်တရားနည်းနည်းတော့ ကိန်းဝပ်နေကြပြီထင်ရဲ့။


 “ ဘယ်လိုလဲ မြို့ကိုသွားချင်ကြသေးလား ”  


“ ဒါကတော့ အိမ်ရှင်မကောင်းလို့ပါ၊ ကောင်းတဲ့ အိမ်ရှင်တွေနဲ့ တွေ့ရင် ဒီလိုမဖြစ်နိုင်ပါဘူး ”  


ဒါက ခင်ရီ နှုတ်ကထွက်လာတဲ့ စကား။ ငွေကြေးအဆင်ပြေမှုဆိုတဲ့အသိတစ်ခုက ခင်ရီရဲ့အကြောက်တရားတွေကို
လွှမ်းမိုးထားတယ်။


“ အိမ်ရှင်မကောင်းလို့ပဲထားလိုက်ပါတော့၊ ကောင်းတဲ့ အိမ်ရှင်တွေအကြောင်းပြောပြမယ်၊ ငါ အဲဒီအိမ်ကနေထွက်
သွားတော့ စိတ်သဘောထားပြည့်ဝတဲ့ မိန်းမကြီးတစ်ယောက်နဲ့တွေ့တယ်၊ ဒုက္ခရောက်နေတဲ့ ငါ့ကို သူ့အိမ်ခေါ်သွား
ခဲ့တယ်၊ ဒီိလိုနဲ့ တစ်နေ့တော့ မိန်းမကြီးဖုန်းပြောနေတာကို ငါကြားခဲ့ရတယ်၊ ငါ့ကို တစ်ဖက်နိုင်ငံပို့ဖို့တဲ့လေ၊ အဲဒီ
မိန်းမကြီးဟာ လူကုန် ကူးတဲ့ မိန်းမ တစ်ယောက်ပဲ၊ ငါတို့လို ရိုးသားနုံအတဲ့တောသူတွေကို တစ်ဖက်နိုင်ငံရောင်း
စားနေတဲ့ မိန်းမကြီးပဲ၊ ဒီအကြောင်း ကိုသိပြီး ငါကြောက်လန့်တကြား ထွက်ပြေးလာခဲ့တယ်၊ ဒါကြောင့် ငါ့ဘဝ
မပျက်ခဲ့တာ ”  


“ ကြောက်စရာကြီးနော် ”


ပန်းနုက ကြောက်လန့်တကြားနဲ့ ဆိုရှာတယ်။


“ ဒီထက်ပိုကြောက်စရာကောင်းတာရှိသေးတယ်၊ ငါတစ်ယောက်တည်းခိုကိုးရာမဲ့နေတုန်း စိတ်သဘောထား
ပြည့်ဝ တဲ့ လင်မယားနှစ်ယောက်နဲ့ ထပ်ဆုံတယ်၊ ဒါပေမယ့် လူတွေကို ငါမယုံတော့ဘူး၊ ရွာကိုပဲ ပြန်ချင်နေခဲ့
တယ်၊ ဒါပေမယ့် ငါ့မှာ ရွာပြန်စရိတ်မရှိလို့ သူတို့ပြောတဲ့ အလုပ်ကိုလက်ခံခဲ့တယ် ”


“ ဘာအလုပ်လဲဟင် မိချော ”


မကျင်နွဲ့က အလျင်စလို ဝင်မေးလိုက်တယ်။


“ ဒီတစ်ခါတော့ ကားတိုက်မှုဖြစ်ပြီး ကိုယ်တစ်ပိုင်းလှုပ်ရှားလို့မရတော့တဲ့ အသက်ခြောက်ဆယ်အရွယ်အဘိုးကြီး
ကို စောင့်ရှောက်ပေးရတဲ့အလုပ်ပေါ့၊ မနက်မိုးလင်းကတည်းက မိုးချုပ်တဲ့အထိ အဘိုးကြီးရဲ့ဝေယျာဝစ္စတွေကို
လုပ်ပေးရတယ်၊ ဒီတစ်ခါလုပ်ရတဲ့အလုပ်က အကောင်းဆုံးအလုပ်ပဲ၊ လစာလည်းများများရသလို သူတို့စား
သလိုစားရတယ်၊ အမေ့ဆီကို လည်း ပိုက်ဆံပို့နိုင်ခဲ့တယ်၊ လစာမဟုတ်ပဲ မုန့်ဖိုးပေးတာတွေကိုလည်း စုထား
နိုင်ခဲ့တယ် ”


“ ကောင်းသားပဲနော်၊ ငါလည်း အဲဒီလိုအလုပ်မျိုးလိုချင်လိုက်တာ ”


ခင်ရီက အားတက်သရောဆိုရှာတယ်။


“ ငါဟာ ဒီအလုပ်မှာပဲမြဲနေခဲ့တယ်၊ ကိုယ်ရဲ့အလုပ်ရှင်အဘိုးကြီးကိုလည်း မိဘလိုပြုစုခဲ့တယ်၊ နေ့တိုင်းလေ့ကျင့်ခန်း
 မှန်မှန်လုပ်ပေးတယ်၊ ဒီလိုနဲ့ နှစ်နှစ်ဆိုတဲ့ အချိန်ကာလမှာ အဘိုးကြီးက တော်တော်ကြီးသက်သာလာတယ်၊ တစ်နေ့
တော့ ငါအိပ်နေတုန်း ခြေသံကြားလို့ ကြည့်လိုက်တော့ ငါ့အခန်းထဲကိုဝင်လာတဲ့ အဘိုးကြီးကိုတွေ့လိုက်တယ်၊ အဘိုး
ကြီးဟာ လူကောင်းအတိုင်းလှုပ်ရှားလို့ရနေခဲ့ပြီ၊ ဒါကို ငါမသိခဲ့ဘူး၊ ဒီတော့ ငါ့ကိုမတရားကြံဖို့ ကြိုးစားနေတဲ့အဘိုးကြီး
ကို အနားမှာရှိ တဲ့ တုတ်နဲ့ရိုက်ပြီး ထွက်ပြေးလာခဲ့တယ်၊ ငါ့မှာ စုထားတဲ့ပိုက်ဆံရှိနေပြီမို့ ရွာကိုချက်ချင်းပြန်လာခဲ့တာပဲ ”


“ ဟယ် .. ယုတ်မာလိုက်တာနော် ”


“ ငါတော့ မြို့ကိုမလိုက်တော့ဘူး ”


“ ငါလည်းမလိုက်တော့ဘူးနော် ”


မိချောရဲ့စကားအဆုံးမှာ မြို့ကိုလိုက်ချင်ကြတဲ့သူတစ်ယောက်မှမရှိကြတော့ဘူး။ မိချော ဝမ်းသာသွားတယ်။ ရိုးသာ
း နုံအလှတဲ့ တောသူတောင်သားတွေရဲ့ အသိဥာဏ်ကို အလင်းပွင့်စေခဲ့ပြီပဲ။


“ အခြေအနေအမျိုးမျိုးကြောင့် စားသောက်ဆိုင်အဆိုတော်ဘဝရောက်ရသူတွေ၊ ရောင်းစားခံရလို့ ဘဝပျက်ခဲ့
တဲ့ သူတွေ အများကြီးရှိတယ်၊ တို့ရွာမှာ ကောက်စိုက်၊ ပဲကောက်၊ ပဲရွေး တဲ့အလုပ်တွေလုပ်တာပဲ အန္တရာယ်
ကင်းကင်း စိတ်သန့်သန့်နေရသေးတယ်၊ မြို့မှာဆို သားကောင်ချောင်းနေတဲ့ မုဆိုးတွေအများကြီးပဲ၊ တို့ရဲ့
ဘိုးဘွားအစဉ်အဆက် လျှောက်လှမ်းခဲ့ကြတဲ့ လမ်းဟောင်းလေးအတိုင်းလျှောက်ကြတာက ငါတို့အတွက်
အန္တရာယ်ကင်းပါတယ် ”


“ ဟုတ်တယ်နော် .. ငါတို့တော့ ရွာမှာပဲ လုပ်ကိုင်စားသောက်တော့မယ် ”


“ ဟုတ်တယ် .. တို့ရွာမှာပဲ ဘေးကင်းကင်းနဲ့ လုပ်ကိုင်စားတော့မယ်၊ လမ်းသစ်ဖောက်မိလို့ မိချောတောင်
ဘဝပျက် တော့မလိုဖြစ်ခဲ့ရသေးတာပဲ ”


 “ သွားတော့မယ် မိချော၊ မြို့ကိုမလိုက်တော့ဘူး၊ ရွာမှာပဲ ကောက်စိုက်၊ ပျိုးနှုတ်၊ ပဲကောက် လုပ်တော့မယ်၊
ဒါက အန္တရာယ် ကင်းတယ်ဟ ”


လမ်းဟောင်းလေးအတိုင်းလျှောက်ကြဖို့ ထွက်သွားတဲ့သူတွေ မျက်စိရှေ့က ပျောက်ကွယ်သွားတဲ့အထိ မိချော
 ကြည့်နေမိတယ်။ မိချောရဲ့ မျက်ဝန်းထဲမှာတော့ ကြည်နူးမျက်ရည်လေးဝဲခိုလို့။ တကယ်ဆို မြို့မှာ မိချော
အန္တရာယ်မကြုံ ခဲ့ပါ။ ဒါပေမဲ့ ဒီလိုအန္တရာယ်တွေ တကယ်ရှိတယ်ဆိုတာတော့ မိချော သိခဲ့ရတယ်။
လစဉ်ထုတ်မှုခင်းဂျာနယ်တွေမှာ မရိုးနိုင်အောင်ဖြစ်ပွားနေတဲ့မှုခင်းသတင်းတွေက ဝေဆာလို့။ မိချောတို့လို့
တောသူတောင်သားတွေဆိုတာ မလည်မဝယ်နဲ့။ မြို့ရောက်လို့ မုဆိုးတွေနဲ့မတွေ့ဘူးလို့ပြောနိုင်လား။
မိချောအလုပ်လုပ်ရတဲ့အိမ်ရှင်က အရမ်းချမ်းသာတဲ့အဘွားကြီးနဲ့ မိချော အရွယ်မိန်းကလေးတစ်ယောက်ပါ။
 စိတ်လည်းအရမ်းကောင်းလှသူပါ။ မိချော ကံကောင်းလို့ သခင်ကောင်းနဲ့တွေ့ခဲ့တာ။ မရိုးနိုင်တဲ့မှုခင်းသတင်း
တွေကြားလာ တော့ မိချော မနေနိုင်တော့ဘူး။ လမ်းသစ်ဖောက်လာတဲ့သူတွေ အန္တရာယ်တွေ့မှာကို မိချော
မလိုလားဘူး။ ဒါကြောင့် အဆင်ပြေနေတဲ့အလုပ်တစ်ခုကိုစွန့်လွှန့်ပြီး မိချောရွာပြန်လာခဲ့တာ။


ခေတ်ရဲ့ဝဲဂယက်မှာ ကိုယ့်ရပ်ကိုယ့်ရွာထက် နယ်ခြားမြို့ခြားကိုအထင်ကြီးလာတတ်ကြတာ။ ရလိုမှုတစ်ခု
အတွက် စွှန့်စားခဲ့ပေမယ့် ရေတိမ်နစ်ခဲ့ရတဲ့ရောင်စုံဘဝတွေကနေရာအနှံ့ပျံ့ကြဲနေတယ်ဆိုတာ သိသူထက်
မသိသူကများလွန်းလှ တယ်။ မိချော မြို့ကနေဝယ်လာခဲ့တဲ့ မှုခင်းဂျာနယ်တွေ၊ ရသစာပေတွေကို ရွာက
လူတွေကိုအလှည့်ကျပေးဖတ်မယ်လို့ မိချော ဆုံးဖြတ်ထားတယ်။ တောသူတောင်သားတွေရဲ့ဦးနှောက်မှာ
 အသိပညာဗဟုသုတတွေ နေမင်းကြီးလိုမလင်းနိုင်ရင် တောင်မှ ကြယ်ကလေးတွေလောက်တော့လင်းနိုင်
အောင် မိချော ကြိုးစားရမယ်။ မိချောအတွက်အချိန်အတိုင်းအတာတစ်ခုပဲ လိုတယ်။ အချိန်အတိုင်းတာ
တစ်ခုကိုကျော်လွန်ခဲ့ရင် အမှောင်မြစ်ရဲ့ဝဲဂယက်ထဲမှာနစ်တဲ့လူတွေ နည်းသထက်နည်းလာမယ် လို့ မိချော
 ယုံကြည်မိတယ်။


                                                                           ခင်မင်လေးစားစွာဖြင့်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More